ဆေးရုံတင်ရက် တနင်္လာနေ့ဖြစ်သည့်အတွက် ရာဂဏာန်းရှိသော လူအုပ်ကြီးက စာရင်းပေးသွင်းရာကောင်တာအနီးတွင် အုံခဲနေ သည်။ ၁၀ပေနီးပါးမျှ
ရှည်လျားသည့် ကောင်တာစားပွဲအစွန်းအား ယင်းလူအုပ်ကြီးက ၀ိုင်းအုံ ၍အတွင်းဘက်သို့ အာရုံစူးစိုက်နေကြသည်ကို တွေ့ရသည်။
လူ များလွန်းသည့် အတွက် ကောင်တာနောက်ကွယ်တွင် ရှိနေသည့် စာရေးမ နှစ်ဦးကိုပင် မမြင်ရ တော့။ တစ်ယောက်တစ်ပေါက် ပြောဆိုသံများက ယင်းအနီးတွင် ညံစီ၍နေသည်။
“ဒီနားမှာ လာအုံမနေကြနဲ့ လို့ ပြောနေတာ။ နားမလည်ကြ ဘူးလား။ ဘယ်လိုဟာတွေမှန်းကို မသိဘူး”
ရုတ်တရက်ထွက်ပေါ် လာသည့် စာရေးမ၏ စိတ်ညစ် ညူးနေသောအသံက လူအုပ်ကြီး ကို ထိရောက်မှုမရှိ။ ကြားနေကျ စကားများဖြစ်သည့်အတွက် မမှု သည်လည်း ဖြစ်ဟန်တူသည်။
ထိုကောင်တာအနီးတစ်ဝိုက် တွင်ရှိသည့် ကုမ္ပဏီတံဆိပ်များ နှင့် ခုံတန်းလျားပေါ်တွင် လူနာ များက ပြည့်ကျပ်နေသည်။ ထိုမျှ မက ကျဉ်းမြောင်းသော စင်္ကြံ လျှောက်လမ်းပေါ်တွင် ဖျာကြမ်း ခင်းလျက် ပတ်တီးအပြည့်ဖြင့် လူနာများ၊ စတီးလ်ရိုးထိုးထိုး ထောင်ထောင်နှင့် လူနာများ လဲလျောင်း နေကြသည်။ ယင်းမှာရန်ကုန်မြို့ အရေးပေါ်နှင့် ပြင်ပလူနာဌာနမြင်ကွင်းဖြစ်သည်။
စင်စစ်တွင် ထိုလူနာများ အားလုံးသည် ဆေးရုံတက်ရောက် ကုသခွင့်ရရန်နှင့် ရက်ချိန်းပြသရန် နံနက် ၇ နာရီကတည်းက လာ ရောက်စောင့်ဆိုင်းနေခြင်းဖြစ် သည်။ အချို့က ၁၀ နာရီတွင် တာဝန်ကျဆရာဝန်နှင့် ပြသခွင့်ရ သည်။ အချို့မှာ ၁၁ နာရီမှ ပြသ ခွင့်ရကြသည်။
နံနက် ၆ နာရီကတည်းက ထပ်ထားသည့် စာအုပ်က ၁၀ နာ ရီထိုးသည်အထိ နာမည်ခေါ်သံ မကြားရသေး။ ထို့ကြောင့် ကောင်
တာ တာဝန်ခံဟုဆိုရမည့် စာရေးမထံ စုံစမ်းရာ
“ရှင်တို့ စာအုပ်ကို ဘာမှမလုပ်ဘူးနော်။ စောင့်နေ။ မစောင့်နိုင်ရင် အတွင်းထဲမှာ သွားရှာကြည့်”
ခပ်မာမာ ထွက်လာ သည့်စကားလုံးတို့ကြောင့် ဘာ ဆက်မေးရမည်မသိ။ ခက်သည်ကညွှန်ပြသည့် အတွင်းမှာ ဆရာမ၁၀ ဦးခန့်ရှိနေသည်။ မိမိနောက်တွင် ထပ်ထားသည့် လူနာအချို့ ဆရာဝန်နှင့် ပြနေကြပြီဖြစ်သည်။ ထပ်ထားသည့်စာအုပ်ပုံအတွင်း၌ လည်း စာအုပ်ကို မတွေ့မိသေး။
သို့နှင့် ဆေးမှတ်တမ်းဌာန၊ ဆရာဝန်အခန်းဝ၊ ကောင်တာ စသည့်နေရာများကို အခေါက် ခေါက် အခါခါ ပြေးလွှားရှာဖွေရသည်။ မည်သည့်နေရာတွင်မှ လူ နာစာအုပ်ကို မတွေ့တော့။ မေး မြန်းစုံစမ်းလွန်း၍ တာဝန်ကျ စာရေးမတို့၏ အော်ငေါက်မှုကို သာ ခံရသည်။
၁၁ နာရီနီးပါးရှိနေပြီဖြစ် သည့်အတွက် စာအုပ်ထပ်ရာ ကောင်တာတာဝန်ကျ စာရေးမကို လိုက်ရှာရတော့သည်။ ဆေးရုံကြီး အရေးပေါ်ဌာနက အခန်းမှန် သမျှ စုံလုနီးပါးရှိသောအခါ ဆေး မှတ်တမ်းဌာနတွင် သတင်းစာ တစ်စောင်ကိုင်ဖတ်လျက် အေး အေးလူလူ ရှိနေဟန်တူသော စာ ရေးမကို တွေ့ရသည်။
အဖြေက ပြသရမည့် ဆရာ ၀န်နှင့် Ward အား စာအုပ်တွင် မှားယွင်းရေးသားထား၍ ပယ် ထားခဲ့ခြင်းဖြစ်သည်ဟု ဆို၏။
ထိုအခါမှ နံနက်စောစောက ကောင်တာနားတွင် အုံခဲနေသော လူအုပ်ကြီးကို သတိရမိသည်။ စာအုပ်အား စောင့်မကြည့်ဘဲ နေ မိသော မိမိကိုယ်တိုင်ပင် အပြစ် တင်လိုက်မိသည်။
ထိုနေ့က နေ့လယ် ၁ နာရီ ခန့်တွင် ဆေးရုံ၏ သက်ဆိုင်ရာ Ward ထဲတွင် ဆေးရုံတက်ရောက် ခွင့်ရသည်။
..............................................................................................................................
- စရိတ်မျှပေး ကျန်းမာရေး
- ချို့တဲ့သူများအတွက် စရိတ် မျှပေးစနစ်ကို ကျင့်သုံးသည်။
ထိုစာတန်းငယ်များကို ဆေး ရုံတွင်း နေရာတော်တော်များများ တွင် တွေ့တွေ့နေရသည်။ ဆေးရုံ တင်ပြီး ဒုတိယနေ့ သွေးအမျိုး အစားစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ သွားရသည်။ Ward ထဲမှ တာဝန် ကျဆရာဝန် ရေးပေးလိုက်သည့် လိုအပ်သည့်ပစ္စည်းများ ၀ယ်ယူ ရန်ဖြစ်သည်။
ဓာတ်ခွဲခန်းဌာနကလည်း တစ်ခုတည်း ရှိ၍လားမသိ၊ များ လိုက်သည့်လူ။ တန်းစီနေရသည့် အချိန်က နေ့လယ် ၁၂ နာရီ..
“ကဲ ဒီမှာရှိတဲ့လူတွေ ညနေ မှ ပြန်လာပါ။ ဓာတ်ခွဲခန်း နေ့ လယ်ပိတ်ပါပြီ”
ဓာတ်ခွဲခန်းအ တွင်းမှ စာရေးမတစ်ဦး၏ ခပ်ကျယ်ကျယ်
အော်သံကြောင့် ခြေလှမ်းတို့ တုန့်သွားရသည်။ ယနေ့ရမှဖြစ်မည်ဟုသော တာဝန်ကျဆရာဝန်၏ အမှာစကားကြောင့် တန်းစီပိတ်ကွယ်နေသော လူတန်းကို မည်သို့ဖြတ်ကျော်သွားသည်ကို မသိ။ကောင်တာမှစာရေးမကို ချဉ်းကပ်ရသည်။
“မရတော့ဘူး။ ညနေမှလာ”မော့မကြည့်ဘဲ ပြောလာသော စကားအတွက် ထပ်မံတောင်းဆို ရတော့သည်။ ထိုအခါကျမှ ပွင့် လင်းသော စကားတစ်ခွန်းထွက် လာသည်။
“အဆင်ပြေအောင် လုပ်ပေးမယ်လေ။ မုန့်ဖိုးတော့ ပေးသွားပေါ့။ ခဏစောင့်နေ”
မည်သို့ဆိုစေ အဆင်ပြေမည်ဟူ သော စကားကြောင့် ကျေကျေ နပ်နပ်ပင် စောင့်နေလိုက်သည်။ မိမိလောက် အထာမနပ်သော၊ ဆေးရုံဝန်ထမ်းနှင့် မပေါင်းတတ် သော သူအချို့ မကျေမချမ်းနှင့် ပြန်သွားကြသည်။
ယင်းဓာတ်ခွဲခန်းစာရေးမ၏ အကူအညီကြောင့် ၅၀၀၀ ကျပ်ကုန်ကျမည့် ပစ္စည်းများအား ၈၀၀၀ကျပ်ဖြင့် ရရှိခဲ့သည်။ ဤသည်ကိုပင် စာရေးမက “ဒီမှာက ကိုယ်တာရှိတော့တာ မဟုတ်ဘူးနော်။ အဆင်ပြေအောင် ရှာပေးရတာ” ဟုဆိုသည်။ ဓာတ်ခွဲခန်းအတွက် ပေးထားသော ပစ္စည်းများကို အ ခြားနေရာမှ ရှာပေးရသည်ဆို သည့်အတွက် ထူးဆန်းနေသလို ပင်။ မည်သို့ဖြစ်စေ မုန့်ဖိုး ၃၀၀၀ ပေး၍ ပြေလည်သည်ကပင် ကျေး ဇူးတင်ရမည်။ ထို့နောက်ဓာတ်မှန် ခန်း၊ ဓာတ်မှန်ရွေးရန် ကျသင့်ငွေ ၂၅၀၀ ကျပ် ရှင်းပြီးသောအခါ ဓာတ်မှန်ကူးပေးသည့် တာဝန်ကျ ၀န်ထမ်းကို လက်ဖက်ရည်ဘိုး ၅၀၀ ဟုဆိုသဖြင့် ပေးခဲ့ရသေး သည်။ ယင်းဓာတ်မှန်ခန်းမှ အပြန် တွင်မြင်ရ ကြားရသည်များက ဆက်တိုက်ဆိုသလိုပင် စင်္ကြံလမ်း တွင် ထိုင်နေသည့် အမျိုးသမီးကြီး က ပိုက်ဆံအထပ်လိုက်ကိုင်လျက် ဘေးတွင် ကူညီဆောင်ရွက်ပေး လိုသည့် အပြာရောင်ဝေ့စ်ကုဒ် နှင့် အိနိယကပြားအမျိုးသားသုံး
ဦးခန့်က ၀န်းရံလျက်ရှိသည်။ ထို အထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူ သူက
“ဓာတ်မှန်ခရယ်၊ အီးစီဂျီ ခရယ် ၁၀၀၀၀ ပေးလိုက်”
ထို အမျိုးသမီးကလည်း ပေးသည်။ ထိုငွေကျပ် ၁၀၀၀၀ အားယူ၍ သွက်လက်စွာ ထွက်သွားကြတော့ သည်။ အမှန်တော့ ထိုနှစ်အတွက် ပုံမှန်ကျသင့်ငွေမှာ ၄၀၀၀ ကျပ် ၀န်းကျင်သာဖြစ်သည်။
ယင်းအနီးမှပင် အီးစီဂျီအခန်း ရှေ့တွင် တွေ့မြင်ရသည်ကလည်း စိတ်မသက်သာစရာပင်။ အီးစီဂျီအခန်းအတွင်းမှ တာဝန်ကျဆရာဝန် တို့ စစ်ဆေးအဖြေလွှာအား ရယူ ရန်အတွက် အခန်းဝတွင် အမည် ခေါ်ပေး၊ စာရွက်ကမ်းပေးသည့် စာရေးမက တစ်စောင်ကျပ် ၅၀၀ ကျပ်စီ တောင်းခံသည်။ ပေါ်ပေါ် ထင်ထင်ပဲဖြစ်ပါသည်။ ပြေစာရှင်း ပြီးသော်လည်း ယင်းအမျိုးသမီး အား ၅၀၀ ကျပ်မပေးနိုင်သောလူအချို့ အော်ငေါက်ခံရသည်။
“ဒါ တောင်မပါဘူးပေါ့။ နားမလည် ဘူးလား”
ယင်းအခန်းအနီးတွင် ငွေ ၅၀၀ အဆင်သင့်ကိုင်ဆောင် စောင့်ဆိုင်းနေသူများ ကိုလည်း တွေ့ရသည်။
အာထရာဆောင်းစစ်ဆေးသည့်အခန်းဝမှနေ၍ တာဝန်ကျဆရာဝန်များ ကြားနိုင်လောက်သည့် အသံမျိုးနှင့် အကူ ၀န်ထမ်းက လူနာရှင်တစ်ဦးအားပြောနေခြင်းဖြစ်သည်။
ဖခင်အတွက် ဆေးရုံတွင် ၁၀ ရက်နီးပါးမျှနေ့စဉ်နှင့်အမျှ ကြုံ တွေ့ရသည်မှာ အတွေ့အကြုံများ စွာရရှိသည်ဟုပဲ ဆိုရမည်လား
မသိ။ တကယ်တမ်းတွင်မူ ရန်ကုန် ဆေးရုံကြီးတွင် တာဝန်ကျနေ သော စာရေးနှင့်အကူ(သူနာပြု မဟုတ်သော) ၀န်ထမ်းများမှာ လူနာနှင့် လူနာရှင်များအတွက် အလွန်အရေးပါလှသည်ဟုထင် သည်။ ဆေးရုံစာရင်းပေးသွင်း သည့်အချိန်မှ အစပြု၍ ပြန်လည် ဆင်းခွင့်ရသည်အထိ ၎င်းင်းတို့၏အ ကူအညီနှင့် မလွတ်၊ နေ့စဉ်နှင့်အ မျှ ဓာတ်ခွဲခန်း၊ သွေးဘဏ်၊ ဆေး ပေး၊ ဆေးဝယ်၊ ဓာတ်မှန်၊ အာထ ရာဆောင်းစသည့် စစ်ဆေးမှုများ အတွက် လူနာအား တွန်းလှည်းနှင့် အပို့အကြိုစသည့်ကိစ္စရပ်များ သည် ၎င်းင်းတို့မပါ၍မဖြစ်သော အခြေအနေများလည်း တွေ့နေခဲ့ သည်။ သို့သော် ယင်းအကူများ မှာ လစာရရှိနေသော်လည်း ယင်း လစာမှာ ၎င်းင်းတို့၏ နေ့စဉ်ဝင်ငွေ နှင့်ယှဉ်လျှင် ပြောပလောက်စရာ မရှိဟုထင်သည်။
ယင်းနှင့်ပတ်သက်၍ ဆေး ရုံတွင်မြင်တွေ့ခဲ့ရသည့် ၀န်ထမ်း အချို့၏ အပိုဝန်ဆောင်မှုရငွေ များအား ခန့်မှန်းကြည့်မိသည်။ Ward တစ်ခုတွင် တာဝန်ကျဝန် ထမ်းတစ်ဦး၊ ၎င်းင်းသည် ယင်း Ward တစ်ခုလုံး၏ လူနာများအ တွက် ဆောင်ရွက်ပေးရသည်။ Ward တစ်ခုတွင် အနည်းဆုံး အမျိုးသားလူနာ ၂၀၊ အမျိုးသမီး လူနာ ၂၀ စီရှိသည်။ ထိုအထဲလူနာ ၁၀ ဦးစီခန့်သည် နေ့စဉ် ပုံမှန် အထက်တွင် ဆိုခဲ့သည့် ကိစ္စရပ်များ ဆောင်ရွက်ရသည် ဆိုပါစို့။ လူနာတစ်ဦး တစ်ကြိမ် လျှင် ၅၀၀ ကျပ်နှင့် လူနာ ၁၀ ဦးအတွက် ၁၀ ကြိမ်ဆိုလျှင်ပင် သူ့ဝင်ငွေ ၅၀၀၀ ကျပ်ရှိနေပြီဖြစ် သည်။ မြင်တွေ့ရသည်က လူနာ ရှင်တစ်ဦးလျှင် နေ့စဉ် ၂ ကြိမ်မျှ အနည်းဆုံး အခြားဌာနများသို့ ၀င်ထွက်ရမည်ထင်သည်။ ထိုပမာဏပင်လျှင် ဘွဲ့ရ၀န်ထမ်းတစ်ဦး၊ ကုမ္ပဏီကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏လစာနီးပါး တစ်သိန်းခွဲမျှရှိနေပြီဖြစ်သည်။
တစ်ဖန် ဓာတ်ခွဲခန်း၊ ဓာတ် မှန်ခန်း၊ အာထရာဆောင်း စသည် တို့တွင်လည်း အလားတူပင် ဆေး ရုံ ၁၀ ရက်အတွင်း ယင်းနေရာ များတွင် လေ့လာမိသလောက် နေ့စဉ်နှင့်အမျှ လူ ၅၀ ထက်မနည်း ဓာတ်မှန်ခန်းတွင် အပို အဖြစ် လူတိုင်းနီးပါး ၅၀၀ ကျပ် စီပေးရသည်။ မပေးဘဲ အဓွန့်
တက်သူများ ၀န်ထမ်းများနှင့် အဆင်မပြေဖြစ်သည်။ တစ်ဦး ၅၀၀ကျပ်၊ ဦးရေ ၅၀ ဆိုလျှင် ၎င်းင်း ဓာတ်မှန်ခန်းတာဝန်ခံ၏ ၀င်ငွေ မှာ ကျပ်နှစ်သောင်းခွဲပင်။ ၅၀ မရှိနှင့် ၂၀ ဦးဆိုလျှင်ပင် နေ့စဉ် ၀င်ငွေ ၁၀၀၀၀ ကျပ်၊ တစ်လ လျှင် သုံးသိန်းကျပ်၊ အလားတူ အ ခြားသော ဆက်ဆံရေးဌာနတိုင်း တွင် လူနာ၊ လူနာရှင်နှင့်တိုက် ရိုက်ဆက်ဆံခွင့်ရရှိသည့် အကူဝန်ထမ်းများ၏အရေးပါမှုမှာ အလွန် ကြီးမားလျက်ရှိသည်။
“တစ်ခုခုဆိုရင် သူတို့ပဲရှိ တာလေ။ ကိုယ်တွေကလည် လည်ဝယ်ဝယ်လည်း မရှိတော့တစ်ခုခုဆို သူတို့နောက်လိုက်၊ တောင်းသလောက် ပေးရတာပဲ”
ယင်းစကားကိုဆိုသူက ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အစာအိမ် ရောဂါဖြင့် တက်ရောက်ကုသခဲ့ သော ဧရာဝတီတိုင်းဒေသကြီး မှ လူနာတစ်ဦးဖြစ်သည်။
ဆေးရုံကြီးရှိ အထွေထွေဝန် ထမ်းတစ်ဦး၏ အဆိုအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောက်ခြေ၀န်ထမ်း ၄၀၀ ၀န်းကျင်ခန့်ရှိ ပြီး၊ ပုံမှန်လစာမှာ ၄၀၀၀၀ ကျပ်ရရှိသည်ဟု စုံစမ်းသိရှိရသည်။
အထက်တွင် ဖော်ပြခဲ့သည့် ၀န်ထမ်းများ၏ ၀င်ငွေအား တွက် ချက်ကြည့်ချင်းမှာ ၎င်းတို့၏ ၀င် ငွေနှုန်းအား အဓိကထားပြောလို ခြင်းမဟုတ် ယင်း၏ နောက်ဆက် တွဲအချက်များကလည်း ရှိသေးသည်။ ပထမအချက်မှာ နေရာ တိုင်းနီးပါးတွင် လူနာရှင်ထံမှ ကူ ညီကြေးရယူလိုမှုများပြားလာခြင်း ကြောင့် လူနာနှင့်ဝန်ထမ်းဆက် ဆံရေး မပြေလည်မှုများ၊ လူနာ ရှင်ဘက်မှ မလိုအပ်သည့်အပိုကုန် ကျငွေများများပြားလာခြင်းဖြစ် သည်။
ယင်းနှင့်ပတ်သက်၍ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတွင် အလုပ်သင် ဆရာဝန်အဖြစ် ဆောင်ရွက်လျက်ရှိသူတစ်ဦးက
“တကယ်တမ်းပြောရင် သူတို့က ဆရာဝန်တွေထက်ကို ဆေးရုံမှာ ၀င်ငွေပိုရတယ်။ နောက် လူနာတွေနဲ့ တိုက်ရိုက်ဆက်ဆံရတော့ နောက်ပိုင်းမှာ အာဏာပြချင်တာ လေးတွေလည်း ဖြစ်လာတာပေါ့”
ဟု ၎င်း၏အမြင်ကို ပြောသည်။
အမှန်တကယ်တွင်လည်း ဆေးရုံများတွင် ဆေးရုံလုံခြုံရေး၊ ဓာတ်လှေကားမောင်းဝန်ထမ်း၊ အကူနှင့်စာရေးများသည် အ တော်အတန် အာဏာရှိလာသည် ကို ကြုံတွေ့ခဲ့ရသည်။
“ဆေးရုံတက်တဲ့တစ်လျှောက် လုံးဆရာဝန်တွေထက် သူတို့ကို ပိုပြီးကြောက်ရတယ်။ ဆရာဝန် တွေ အော်တာ၊ ငေါက်တာက မရှိတော့ဘူး”
ဟု ဆေးရုံတက်ရောက် နေသူတစ်ဦးက ယင်းအချက်ကို ထောက်ခံပြောဆိုသည်။
ဒုတိယအချက်အနေဖြင့်မူ အထက်တွင်ဆိုခဲ့သည့် အောက်ခြေ၀န်ထမ်းဝင်ငွေကိစ္စသည် တစ်ဖက်က ဆေးရုံအနေဖြင့် ပြန် ကြည့်မည်ဆိုပါက ယိုပေါက်များ ဟု ဆိုရမည်လားမသိ။ အဘယ် ကြောင့်ဆိုသော် ယင်းဝန်ထမ်း များသို့ ပေးရသည့်ငွေကြေးသည် ဆေးရုံ၏ တရားဝင် ၀င်ငွေအဖြစ် ပြောင်းလဲနိုင်မည်ဆိုပါက ပို၍ သင့်တော်မည်ဟု ထင်မိသည်။ ထို သို့ဆိုလျှင် ကျန်းမာရေးအတွက် အသုံးစရိတ်တိုးလာနိုင်စရာ ရှိသည်။ မိမိကိုယ်တိုင်ပင်လျှင် ဆေးရုံတက်သည့် ၁၀ ရက်အတွင်း ဆေးဖိုးဝါးခ၊ ကုသစရိတ်မပါဘဲ နှင့်အပိုပေးငွေ ပြန်လည်တွက်ကြည့်ရာ ဆေးရုံလှည်းတွန်း သမားခ၊ အကူခ၊ ဓာတ်ခွဲခန်းဝန် ထမ်းခစသည်စသည်တို့ ပေါင်း ကြည့်သောအခါ ကျပ်သုံးသောင်း ခန့်ရှိခဲ့သည်ကို အံ့သြ ဖွယ်ရာတွေ့ရသည်။
ထိုစာရင်းအား မှတ်မှတ်ရရ သိမ်းထားလိုက်မိသည်။............။
thar nge lay @ နေလင်းအောင်

7DAY NEWS JOURNAL အတွဲ (၁၀)၊အမှတ်(၉)
![]() | ||||
| Cartoon by-soethawdar |

No comments:
Post a Comment