Wednesday, October 5, 2011

ပြည်တော်ပြန်တို့ အသံ



“ရဲရဲတောက်ရဲရဲတောက်ဆိုပြီး အသည်းခြောက်အောင်သောက်နေတဲ့သူတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်”
အထက်ပါစကားကိုဆိုလာသူမှာ၂၀၀၇ခုနှစ် တန်ဆောင်မုန်းလပြည့်ညချမ်းအချိန်က ကန်တော်ကြီး မျှော်စင်ကျွန်းအငြိမ့်တွင်ပရိသတ်ကြိုက် ပြက်လုံးများဖြင့်နာမည်ရခဲ့သည့်သီးလေးသီးဆေးရောင်စုံ အငြိမ့်အဖွဲ့မှ လူရွှင်တော် စိန်သီးပင်။

    သီးလေးသီးဆေးရောင်စုံအ ငြိမ့်အဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှစကာ စင်ကာပူ နိုင်ငံသို့ ထွက်ခွာခဲ့ရာမှပြည်ပနိုင်ငံများတွင် လေးနှစ်တာ ဖျော်ဖြေမှုများပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်က ပြည်တော် ပြန်ဝင်ခဲ့သည်။
    ၎င်းတို့အဖွဲ့ ပြန်လည်ဝင် ရောက်လာခြင်းသည် နိုင်ငံရေး လေ့လာသူများနှင့် အခြားသော တရားမ၀င် အဝေးရောက်နေသူများ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသော ကိစ္စတစ်ခုဖြစ် သည်။လက်ရှိအချိန်တွင် လွတ်လပ်စွာနေထိုင်ခွင့်ရရှိနေသော အနေအထားဖြစ်ကြောင်းလည်းအဖွဲ့ခေါင်းဆောင် ဂေါ်ဇီလာကပြောသည်။   
    ထိုအဖွဲ့သည် ပြည်ပနိုင်ငံများတွင် ပရိသတ်အကြိုက်ပြက်လုံးအများစုဖြင့် ပြည်ပမှ မြန်မာများအား ဖျော်ဖြေ ခဲ့ကြရာ ယင်းသို့သောပွဲစဉ်ပေါင်း ၃၀ကိုစင်ကာပူ၊ အမေရိက၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း အစရှိသည့် နိုင်ငံခြောက်နိုင်ငံတွင် တင်ဆက်ခဲ့ကြသည်။ အဆိုပါပွဲများမှ အချို့အား ပြည်ပအခြေစိုက် မီဒီယာများက ထုတ်လွှင့်ပံ့ပိုးပေးခဲ့ကြသည်။
    သီးလေးသီးဆေးရောင်စုံအ ဖွဲ့ ပြည်ပသို့ မထွက်ခွာမီကပင် မြန် မာနိုင်ငံသို့ ပြန်လာမည်၊ မျှော်စင် ကျွန်းတွင် ထပ်မံဖျော်ဖြေမည်ဟု ပြောဆိုသွားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတွင် လေးနှစ်ကြာမြင့်ခဲ့ပြီးမှ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။
    နိုင်ငံတော်သမ္မတ၏ ပြည်ပ ရောက် မြန်မာများပြန်လာခွင့်နှင့် ပတ်သက်သော မိန့်ခွန်းကြောင့် ပြန်လည်ရောက်ရှိလာကြသော ယင်းအဖွဲ့အား ပြည်ပ၌ ရှိစဉ်ပြု လုပ်ခဲ့သောပွဲစဉ်များတွင် ပြက်ခဲ့ သည့်ပြက်လုံးများကြောင့် စိုးရိမ် စိတ်ရှိမရှိမေးမြန်းရာ  
“ဒါနဲ့ပတ် သက်ပြီး ကျွန်တော်တို့ လုံးဝစိုးရိမ် တာမရှိပါဘူး။ အဓိကကတော့ ကျွန်တော်တို့က သမ္မတကို အပြည့်အ၀ ယုံကြည်ထားတယ်။ ပြီးတော့ ဒီပြက်လုံးတွေကလည်း ပြည်သူတွေရဲ့အသံကို ကျွန်တော်တို့ကပြန်လုပ်တာဆိုတော့ဒီကိစ္စမှာကျွန်တော်တို့စိတ်ရှင်းပါတယ်”ဟုဂေါ်ဇီလာကပြောသည်။
   
သီးလေးသီးအဖွဲ့ ပြည်ပသို့ စတင်ရောက်ရှိချိန်က ပြည်ပရှိ နိုင်ငံရေးအဖွဲ့အစည်းများ၏ ကြို ဆိုမှုများဖြင့် အဆင်ပြေပြေဖြစ်ခဲ့ သော်လည်း အချိန်ကြာမြင့်လာ သည်နှင့်အမျှ အဆိုပါအဖွဲ့များ၏ သရုပ်အမှန်ကို တွေ့ရှိလာကာအ ဆင်မပြေမှုများရှိခဲ့သည်ဟု ဆိုသည်။ ၎င်းတို့က ပြည်ပတွင် နေ ထိုင်ပြီး နှစ်နှစ်ခန့်အကြာတွင်မှ သိ ရှိရသည့် အမျိုးမျိုးသော နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့အစည်းများနှင့် ပတ်သက်၍ပြောကြားရာတွင်..
    “ဒီကနေ အကြောင်းအမျိုး မျိုးကြောင့်ပြည်ပထွက်ခွာသွားသူ တွေအနေနဲ့ ဟိုမှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားကြရ တယ်။ တချို့ကလည်း ကိုယ်တတ် တဲ့ပညာလေးနဲ့လုပ်စားကြတယ်။ တချို့ကျတော့လည်း အသင်းအ ဖွဲ့တည်ထောင်ပြီး လုပ်စားကြတယ်” ဟု သီးလေးသီး၏အဖွဲ့ ခေါင်းဆောင် ဂေါ်ဇီလာကပြော သည်။ ကျွန်တော်တို့ရောက်ခဲ့တဲ့ လေးနှစ်တာကာလမှာ အဖွဲ့အ စည်းကတော်တော်များတယ်။ မဲ ဆောက်လို ဟာမျိုးမှာဆိုလည်း အဖွဲ့အစည်းက တစ်ရာကျော် လောက်ရှိတယ်။ ချင်းမိုင်မှာဆို လည်း ခုနစ်ဆယ်၊ ရှစ်ဆယ် လောက်ရှိတယ်”ဟု ၎င်းကဆက် လက်ပြောကြားသည်။
    ပြည်ပရှိနိုင်ငံရေး အဖွဲ့အ စည်းများတွင် အမှန်တကယ်နိုင်ငံ ရေးစိတ်ဓာတ်ဖြင့် လုပ်ဆောင်နေသူများလည်းရှိသကဲ့သို့ ၀မ်းရေးအတွက်လုပ်စားနေကြသူများလည်း ရှိကြပြီး လုပ်စားနေကြသူများမှာ အများစုဖြစ်သည်ဟု သီးလေးသီး အဖွဲ့မှ ပြည်တော်ပြန်ဝင်လာကြ သူများကဆိုသည်။
    “ပြည်ပမှာ ဒီမိုကရေစီအော် ပြီးတော့ ဒီမိုကရေစီမရစေချင်တဲ့ သူတွေက ပိုတောင်များနေသေး တယ်။ အစည်းအဝေးတွေမှာဆို သူတို့ ကြေးကြော်တာက တော် လှန်ရေးကြီး အဓွန့်ရှည်ပါစေလို့ ကြွေးကြော်ကြတယ်။ တော်လှန်ရေးဆိုတာ အဓွန့်ရှည်လို့မှမရတာ။ အဓွန့်ရှည်တော့ ပိုပြီး ဒုက္ခရောက်မှာပေါ့”ဟု သီးလေးသီးအဖွဲ့ဝင်တစ်ဦးက ပြည်ပတွင်တွေ့ရှိ
ခဲ့သည့် အတွေ့အကြုံအားပြန်လည်ဖောက်သည်ချပြောပြသည်။
    သီးလေးသီးအဖွဲ့အနေနှင့် လည်း ပြည်ပသို့ မထွက်ခွာခင်အ ချိန်က ပြည်ပရှိ နိုင်ငံရေးအဖွဲ့အ စည်းများသည် ထိုကဲ့သို့သောအ ခြေအနေများရှိသည်ကို အမှန်တ ကယ် သိရှိခြင်းမရှိခဲ့ကြောင်း ဂေါ် ဇီလာကပြောသည်။
    “ကျွန်တော်တို့ သီးလေးသီး ဆေးရောင်စုံ ခုနစ်ယောက် ဟို ရောက်ခါစတုန်းကတော့ ဟိုအိမ် ကလာပါ၊ ဟိုအဖွဲ့အစည်းကလာ ပါဆိုပြီးတော့။ ဒါက ရောက်ခါစ မှာပေါ့ ကျွန်တော်တို့ တကယ့် တကယ်ငတ်ပြီလည်းဆိုရော ကျွန် တော်တို့ကို ကျွေးမယ့်သူမရှိတော့ဘူး။ ကျွန်တော်တို့ ထမင်းငတ်တဲ့ ရက်တွေလည်း အများကြီးပဲ။ ခေါက်ဆွဲပြုတ်သောက်ရတဲ့ရက် တွေလည်းအများကြီးပဲ”ဟု အခက်အခဲများအား စိန်သီးကပြန်ဖွင့်ဟသည်။
    သီးလေးသီးဆေးရောင်စုံအ ဖွဲ့တွင် ဂေါ်ဇီလာ၊စိန်သီး၊ဇီးသီး၊ ကြယ်သီး၊ ပန်းသီးနှင့် မင်းသမီး ချောစုမျိုး၊မြစံပယ်ငုံ တို့ဖြင့်ဖွဲ့စည်း ထားရာ လက်ရှိတွင် ဂေါ်ဇီလာ၊ စိန်သီး၊ဇီးသီး နှင့် မင်းသမီးချောစု မျိုးတို့သာ ပြည်တော်ပြန်ဝင်လာ ခြင်းဖြစ်သည်။ ကြယ်သီး၊ ပန်းသီးနှင့် မင်းသမီး မြစံပယ်ငုံတို့မှာ ပြည်ပတွင်ကျန်ရှိနေသေးသည်။
    သီးလေးသီးဆေးရောင်စုံအ ဖွဲ့သည် ပြည်ပတွင်နေထိုင်သည့် လေးနှစ်ကာလအတွင်း အဆင်မ ပြေမှုများ ကြုံတွေ့ရသော်လည်း ထိုအဆင်မပြေမှုများသည် ၎င်းင်းတို့ ပြန်လည်ဝင်ရောက်လာခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်းသိရသည်။
    “ကျွန်တော်တို့ကို ပြောကြ တယ်။ ဒီကောင်တွေက နိုင်ငံကြီး တွေရောက်ရင် ခုန်ချမယ့်ကောင် တွေဆိုပြီး။ ဒါပေမဲ့ ကျွန်တော်တို့ဘယ်နိုင်ငံကြီးမှာမှုန်မချခဲ့ပါဘူး” ဟုဂေါ်ဇီလာကဆိုသည်။
    သီးလေးသီးအဖွဲ့၏ အဖြစ် သည် အခြားသော အနုပညာလှုပ် ရှားသူများကဲ့သို့ အစပိုင်းတွင် ခက်ခဲကြမ်းတမ်းမှုများနှင့် ကြုံတွေ့ရပြီးနောက်ပိုင်းတွင် အဆင်ပြေသွား သည့်အဖြစ်မျိုးမဟုတ်ဘဲ အစပိုင်းတွင် ကြိုဆိုဂုဏ်ပြုမှုများ၊ ပွဲခွင်များဖြင့်သာယာခဲ့ပြီး နောက်ပိုင်းအချိန်များတွင်မှ အခက်အခဲများနှင့် ရင်ဆိုင်လာခဲ့ကြရခြင်းဖြစ်သည်။
    ဒုက္ခရောက်နေချိန်တွင် ကူ ညီခဲ့သူ အများစုမှာ မြန်မာနိုင်ငံအ ရေးအတွက်လှုပ်ရှားနေကြသည့် နိုင်ငံရေးသမားများမဟုတ်ဘဲ အ ခြားသူများဖြစ်သည်ဟု ဆိုသည်။
    “နောက်ပိုင်းကျတော့ ကျွန်တော်တို့ကို ခင်တဲ့သူတွေက နိုင်ငံရေးနဲ့မပတ်သက်တဲ့သူတွေကကျွန်တော်တို့ကို ခင်ကြတယ် ။ ခင်တော့ကူညီကြတာတွေရှိပါတယ်။ နိုင်ငံ
ရေးသမားတွေထဲမှာလည်း စိတ်ကောင်းရှိပြီး ကူညီတဲ့သူတွေ လည်း ရှိခဲ့ပါတယ်။ တကယ့်တ ကယ် ကျွန်တော်တို့ငတ်ပြီဆိုတော့ ကျွန်တော်တို့ကို ဆေးဖော်ကြော ဖက်မလုပ်တဲ့ နိုင်ငံရေးသမားတွေ တော်တော်များပါတယ်”
ဟု စိန် သီးကပြောသည်။
    “ကျွန်တော် သမ္မတကြီး စကားကိုကြားတော့ တော်တော် ၀မ်းသာသွားတယ်။ သမ္မတကြီးရဲ့ နှုတ်စကားနဲ့ပဲရှိသေးတယ်။ ကျွန် တော်တို့ ရအောင်ပြန်လာတယ်”ဟု စိန် သီးကပြောသည်။
    ပြည်ပတွင် နေထိုင်လျက်ရှိသည့်နိုင်ငံရေးသမားများနှင့်ပတ်သက်၍လည်း သီးလေးသီးအဖွဲ့ဝင်တစ် ဦးဖြစ်သည့်ဇီးသီးကမူ 
“တချို့ကျတော့လည်းကိုယ့်နိုင်ငံကြီးပြောင်းလဲတာကို မြင်ချင်တဲ့သူတွေရှိတယ်ဗျ။တချို့ကျတော့လည်းကိုယ့်နိုင်ငံကြီးပြောင်းလဲသွားမှာကိုကြောက်တဲ့သူတွေလည်းရှိတယ်”ဟု ပြောကြားသည်။
    အထက်တွင်ဆိုခဲ့သည် မမှန် ကန်သော ပြည်ပရောက်အဖွဲ့များ နှင့်လည်း ၎င်းတို့အဖွဲ့ သဘော ထားမတူညီမှုများ ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်းတွင် ပွဲငှားရမ်းသော အဖွဲ့အစည်းအချို့၏ ရပ်တည်မှု ကိုမနှစ်သက်၍ ငြင်းပယ်မှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။
    ယခု ပြန်လည်ရောက်ရှိချိန် တွင် အဆိုပါအဖွဲ့အနေဖြင့် အနုပ ညာလုပ်ငန်းများအား အစမှပြန်စ သည့် အနေအထားဖြစ်သည်ဟု ဆိုသည်။ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း ပထမဆုံးပြည်တွင်းလှုပ်ရှားမှုတစ်ခုအဖြစ် ရုပ်သံမီဒီယာတစ်ခု တွင် တွေ့ဆုံမေးမြန်းခန်းတစ်ခု ရိုက်ကူးခဲ့ကြောင်း သိရသည်။
    ဆက်လက်၍ သီးလေးသီး အဖွဲ့ အနေဖြင့် ပြည်တွင်း၌နေ ထိုင်ကာ အနုပညာလှုပ်ရှားမှုများ သာ တစ်စိုက်မတ်မတ်ဆက်လက် လုပ်ကိုင်တော့မည်ဟု အဖွဲ့သား များကပြောကြားသည်။
    ၎င်းင်းတို့ ဆိုသကဲ့သို့ ပြည်ပ ရောက်မမှန်ကန်သည့် နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့များနှင့် ပတ်သက်၍ လည်း ယခုမြန်မာနိုင်ငံတွင် ပွဲများ ပြန်လည်လုပ်ကိုင်ပါက ယင်းအဖွဲ့ များနှင့်ပတ်သက်သည့် ပြက်လုံး များ ပါဝင်ထည့်သွင်းသွားဦးမည်ဖြစ်ကြောင်း သိရသည်။
    ပြီးခဲ့သည့် လေးနှစ်အတွင်း ကပြည်တွင်း အခြေအနေများကို သရော်သည့် ပြက်လုံးများဖြင့် ပရိ သတ်မေတ္တာကို ရရှိခဲ့သော ယင်း အဖွဲ့သည် ယခု ပြည်တော်ပြန်ဝင်
ပြီး နောက်ပိုင်း ပြည်ပရောက် အဖွဲ့အစည်းအချို့၏ မမှန်ကန် သောလုပ်ရပ်များနှင့် အမှားအ ယွင်းများအား ပြန်လည်ပြက်လုံး ထုတ် ကျော်ဖြတ်ကြဦးမည်ဖြစ် လေရာ... ။                   ။

by - Thiha+Nay Lynn Aung@tharnge lay
Vol.10, Issue 29
7DAY NEWS JOURNAL

2 comments:

  1. အရိပ်ခိုပြီး အကိုင်းကိုပါချိုးသွားတဲ့ လူတွေက လောကကြီးမှာ အရမ်းပေါတယ် ၊ ထမင်းစားပြီးလက်ဆေးတာတောင် မချောက်သေးဘူး နောက်တမျိုးစိတ်ပြောင်းသွားတော့မှာလား ကို ဇီးသီး

    ReplyDelete
  2. “ရဲရဲတောက်ရဲရဲတောက်ဆိုပြီး အသည်းခြောက်အောင်သောက်နေတဲ့သူတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်”

    ReplyDelete